Thursday, December 8, 2011

ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့


ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး ၀ဘ်ဆိုတ်တွေ ၊ အင်တာနက် စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊ ကျနော်တို့က ကိုယ့်ဆီကို မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ် ၊ ကျနော်တို့မှာ ဒေါ်လာတွေ သန်းချီပြီး ထည့်ထားတဲ့ ဘဏ်စာရင်း နံပါတ်တွေလည်း မရှိဘူး ၊ သတင်းတွေ အတင်းတွေကို ရောင်းစားလို့ ရလောက်အောင် ကျနော်တို့က super stars celebrities တွေလည်း မဟုတ်ဘူး ၊ အဲဒါကြောင့် အများစုက ဟက်ကာတွေရဲ့ရန်ကနေ လွတ်ကင်းနေကြသေးတယ် ၊ သို့သော်လည်း ဘာအတွက်မှ မဟုတ်ပဲ ဟက်လို့ရတဲ့ Gmail တို့ facebook တို့က ID နဲ့ password တွေကို ထောင်သောင်းချီပြီး ထုတ်ပြနေတဲ့ ဟက်ကာငကြွား အစွမ်းပြသမား တွေကလည်း ရှိနေတော့ သတိတော့ ထားရမှာပဲ ။ 
တချို့တွေ ကျပြန်တော့လည်း ဟိုဖက်ဒီဖက် password လေးတွေ လဲလှယ်ထားကြတာမျိုး ကလည်းရှိနေတော့ ကိုယ်ဝင်ဖတ်လိုက် သူဝင်စစ်လိုက်နဲ့ပေါ့ ။ 
အဲဒီလိုမျိုး ကိုယ့် Gmail ထဲကို ဘယ်အချိန်မှာ ဘယ်နေရာကနေ ၀င်သွားတယ်ဆိုတဲ့ မှတ်တမ်းကလေးကို ကျနော်တို့ သိနိုင်ရင် ကောင်းမှာပါ ၊ တလောက ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ Gmail ကို ဖွင့်ပြီး စစ်ပြတော့ မသင်္ကာစရာ တစ်ခုတွေ့ရတယ် ၊ အဲဒီလိုပဲ မကြာမကြာ ဆိုသလို Gmail account တချို့ ၀င်မရဘူးလို့ ပြောနေတာတွေလည်း ကြားနေရတယ် ၊ ဒါနဲ့ပဲ စစ်ကြည့်ရမယ့် နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ၊ အနည်းဆုံး တစ်ခါတော့ စစ်ကြည့်သင့်ပါတယ် ။ 
သေချာစေချင်တယ်ဆိုရင် ပထမဆုံး ကိုယ်သုံးနေတဲ့ IP (Internet Protocol) address ကို သိအောင်လုပ်ရပါမယ် ၊ အဲဒါကလည်း ဘာမှမခက်ပါဘူး google search bar (www.google.com) မှာ my ip လို့ရိုက်လိုက် ၊ ရိုက်လို့တောင် မပြီးသေးဘူး ပေါ်လာပြီ ၊ အောက်မှာ ဖတ်ကြည့်ပြီး မှတ်ထားလိုက် ၊ အဲဒါမှ ခက်သေးရင်လည်းရတယ် ဘာမှမလုပ်နဲ့ ၊ နောက်မှ အဖြေကို ကြည့်ပြီး စဉ်းစားနည်းပြောမယ် ။ 
ကြည့်တော့မယ်ဆိုရင် ကိုယ့်ရဲ့ account နဲ့ login ၀င်လိုက်ပါ ၊ mail စာမျက်နှာရဲ့ ဟိုးညာဖက် အောက်ဆုံးဒေါင့်မှာရှိတဲ့ Details ဆိုတဲ့ စာလုံးလေးပေါ် ကလစ်လုပ်လိုက်ပါ ၊ အဲဒီမှာ Gmail account ထဲကို ၀င်သွားတဲ့မှတ်တမ်းလေး ပေါ်လာပါလိမ့်မယ်
Access type (ကွန်ပြူတာကနေ၀င်သုံးတာလား ၊ ဖုန်းကနေ ၀င်တာလား စသည်) ၊ 
Location (၀င်သုံးတဲ့နိုင်ငံ) ၊ 
IP address ( အင်တာနက်လိပ်စာ) ၊ 
Date/Time (၀င်သွားတဲ့ရက် နဲ့ အချိန် ) … စတာတွေကို တွေ့ရပါမယ်
အဲဒီမှာ ထူးခြားပြီး ၀င်သွားတာမျိုးရှိရင် Google ကသိနေပြီး အနီရောင် highlight ပြထားပါတယ် ၊ ပြီးရင် အနီရောင်စာတမ်းနဲ့ပဲ password အမြန်ပြောင်းဖို့ကိုလည်း သတိပေးချက် ရှိနေပါလိမ့်မယ်
ကိုယ်ရှိနေတဲ့နိုင်ငံနဲ့ ကိုယ်သုံးစွဲခဲ့တဲ့ အချိန်တွေကို ကြည့်ပြီး ကိုယ့်စက်ရဲ့ IP ဘာဖြစ်မလဲ ကြည့်ပါ ၊ မကြာခဏ တူနေတာ ကိုယ့် IP ပေါ့ ၊ ကိုယ်က Gmail သုံးတဲ့အချိန်နဲ့ စက်ကဖေါ်ပြထားတဲ့ သုံးစွဲချိန်ကို တိုက်ဆိုင်ပြီးတော့လည်း စစ်ဆေးနိုင်ပါတယ် ၊ သူငယ်ချင်း အခန်းမှာ သွားလည်တုန်း Gamil ဖွင့်တယ်ဆိုရင်လည်း IP ပြောင်းသွားပါလိမ့်မယ် ၊ နိုင်ငံတော့ မပြောင်းဘူးပေါ့
ဒါဆိုရင် ကိုယ်နဲ့ ဆိုင်တဲ့သူ ၀င်တာလား မဆိုင်တဲ့သူ ၀င်မွှေသွားတာလားဆိုတာကို စစ်ဆေးကြည့်နိုင်ပါပြီ ။ 
နောက်ထပ် Gmail လုံခြုံရေးအတွက် ဘာညာဘာညာ လေးတွေရေးပါဦးမယ် ၊ အခုတော့ ဒီမှာတင်ရပ်လိုက်ပါပြီ ။ 
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ ။

Windows 7 System ထဲမှာ မြန်မာလိုရေးမယ်

ကျနော်တို့ မြန်မာအများစု အတွက်ကတော့ ကွန်ပြူတာကိုသုံးပြီဆိုရင် မြန်မာလို ဖတ်လို့ရအောင် Myanmar font ကိုထည့်ကြတယ် ဒါမှမဟုတ် စာပါရိုက်လို့ရအောင် Myanmar keyboard ကို install လုပ်လိုက်တော့ စာလည်းရိုက်လို့ရ ဖတ်လည်းဖတ်လို့ရ ဖြစ်သွားတယ် ၊ ဒါပေမယ့် အဲဒါတွေက Web ပေါ်မှာနဲ့ ကွန်ပြူတာထဲက notepad, wordpad နဲ့ Office application, Graphic design application စတဲ့ application တွေမှာသာ မြန်မာလိုရိုက်လို့ ရတာပါ ၊ Windows ရဲ့ Title bar ပေါ်မှာ ၊ Icon မှာ ၊ Menu မှာ ၊ Message box မှာ ၊ Drive label တွေမှာ ၊ File name တွေမှာ စတဲ့ ..စတဲ့ Windows 7 System က ရေးဖို့ခွင့်ပြုထားတဲ့ နေရာတွေမှာ မြန်မာလိုရေးချင်လာပြီ ဆိုရင်တော့ ၊ ( လက်ဆော့ချင်လာတဲ့အခါလို့ ပြောချင်ပြော ပိုပြီး မြန်မာဆန်လာချင်တဲ့အခါလို့ ပြောချင်လည်း ပြောလို့ရပါတယ် ) Windows ရဲ့ System font ကို မြန်မာလိုရေးလို့ရတဲ့ font နဲ့ ပြောင်းပေးဖို့လိုပါတယ် ၊ item တစ်ခုချင်းစီရဲ့ font ကိုပြောင်းပေးရင်လည်း ပြောင်းလိုက်တဲ့ သက်ဆိုင်ရာနေရာမှာ မြန်မာလို ရေးလို့ရပါပြီ ၊ ဘယ်နေရာမှာ သွားပြီး ပြောင်းရမလဲဆိုတာတော့ သိဖို့လိုတာပေါ့ ၊ အဲဒါက သိဖို့ကောင်းတဲ့ လျှို့ဝှက်ချက်ပဲ မဟုတ်ပါလား ။


ကဲလက်ဆော့ကြည့်ချင်လာပြီဆိုရင်တော့ ဒီလိုလေးလုပ်ပါ..

(၁) Desktop ပေါ်မှာ right click လုပ်ပြီး personalize ကိုရွေးပါ


(၂) personalization window ကိုရောက်သွားတဲ့အခါ window color ကိုနှိပ်ပါ

(၃) window color and appearance ကို ရောက်သွားပါပြီ advanced appearance settings ကိုကလစ်ပါ
( ဒီနေရာမှာ ကွန်ပြူတာ တစ်ခုနဲ့တစ်ခု ကွာခြားပါတယ် ၊ Graphic card မကောင်းလို့ဖြစ်စေ graphic card driver မမှန်လို့ဖြစ်စေ aero effect မရတဲ့ ကွန်ပြူတာတွေမှာ ဒီအဆင့်ကိုကျော်သွားပါတယ် )


(၄) font နဲ့ theme ရွေးတဲ့ window လေးတစ်ခုဆီကို ရောက်သွားပါပြီ item: ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ dropdown menu လေးကို ကလစ်လုပ်ပါ ၊ 3D Objects ဆိုပြီးပေါ်နေတဲ့ bar လေးမှာပါ ၊ ကလစ်လုပ်လိုက်ရင် အဲဒီအောက်ထဲမှာ item တွေ အများကြီး ရှိနေပါတယ်


(၅) Active title bar ကိုရွေးကြည့်လိုက်တဲ့အခါ အောက်မှာရှိတဲ့ font bar မှာ Segoe UI လို့ခေါ်တဲ့ font လေးတစ်ခုကို ပေါ်လာတာကို တွေ့ရပါလိမ့်မယ် font မလိုတဲ့ item တွေမှာ font bar ဟာရွေးစရာ မလိုတဲ့အတွက်ကြောင့် မှိန်နေတာ ( Grayscale ဖြစ်နေတာ) ကိုတွေ့ရပါလိမ့်မယ် ၊ သူက ပင်တိုင်သုံး System font ပါ ၊ အဲဒီ font လေးပေါ်ကမျှားလေးကို နှိပ်ကြည့်လိုက်ရင် ကျနော်တို့ စက်ထဲမှာ install လုပ်ထားတဲ့ font တွေထွက်ကျလာပါမယ် ၊ မြန်မာစာလုံးရေးလို့ရတဲ့ နှစ်သက်ရာ font တစ်ခုခုကိုရွေးလိုက်ပါ ၊ ဥပမာ ဇော်ဂျီဝမ်း ဆိုပါတော့ ၊ font size, font color, bold, italic စသည်ဖြင့် စိတ်တိုင်းကျ ကွန့်မြူးကြည့်နိုင်ပါတယ် ၊ ပြီးရင် apply ကိုနှိပ်ပြီး ပြောင်းလဲချိန်အတွက် ခေတ္တစောင့်ပေးလိုက်ပါ ၊ ဒါက item တစ်ခုကိုပဲ ပြောင်းရပါသေးတယ်



(၆) အဲဒီလိုပဲ Icon, Menu, Message Box, Selected Items, Tool tips တို့ကိုလည်း တစ်ခုချင်းရွေးပြီး အထက်ကနည်းအတိုင်းပဲ လုပ်ပါ ၊ အားလုံးပြီးသွားတဲ့အခါ ok ပေးလိုက်ပါ ၊ ဖွင့်ခဲ့တာတွေကို ပြန်ပိတ်လိုက်ပါ ။

ကဲ စမ်းကြည့်မယ်ဆိုရင် desktop navigation pane မှာ icon မှာ user account မှာ libraries မှာ drive label မှာ file name တွေမှာ စတဲ့နေရာတွေမှာ right click လုပ်ပြီး rename လုပ်ပါ ၊ ပြီးတာနဲ့ မြန်မာ ကီးဘုတ်ကို ပြောင်းပြီး စိတ်ကူးတည့်ရာ ရေးလို့ရပါပြီ ။

တကယ်လို့ Windows theme ကို Microsoft ကပေးတဲ့ theme မဟုတ်ပဲ ပြင်ပ theme တစ်ခုခုနဲ့ ပြောင်းလိုက်မယ် ဆိုရင်တော့ system font လည်းပြောင်းသွားတတ်ပါတယ် ၊ Theme တွေက wallpaper, icon, windows sound, background color, font စတာတွေ အစုံလိုက်တွဲထားတတ်တယ် မဟုတ်ပါလား ၊ မြန်မာလိုရေးလို့ရတဲ့ font ပေးထားတာကို ကြိုက်တယ်ဆိုရင် နောက်တစ်ကြိမ် ထပ်လုပ်ဖို့လိုနိုင်ပါတယ် ။

စိတ်ကူးတည့်ရာ စိတ်ခံစားမိရာတွေကို အဆင်ပြေပြေနဲ့ ဖွင့်ထုတ်ခွင့်ရနိုင်ကြပါစေဗျာ..

ကိုယ့်စက်မှာရှိတဲ့ Antivirus ကောင်းမကောင်းစမ်းကြည့်ကြရအောင်

ကျနော်တို့ကွန်ပြူတာတွေမှာ Antivirus program တွေကို သုံးနေကြတယ် ၊ ဒါပေမယ့် အဲဒါတွေဟာ ကတယ်တန်း Virus ၀င်လာတဲ့အခါမှာ ကောင်းကောင်းအလုပ်လုပ်ရဲ့လား ၊ ကာကွယ်ပေးနိုင်ပါ့မလား ၊ အစွမ်းထက်ရဲ့လား ဆိုတာ သေချာမသိနိုင်ပါဘူး ၊ virus ၀င်လာပြီး system ပျက်သွားမှ ကိုယ်သုံးနေတဲ့ Antivirus ဟာ ညံ့ပါလားဆိုတာ သိရရင် အချိန်နောက်ကျသွားပြီပေါ့ ။

အဲဒီလို မဖြစ်ရအောင် ကိုယ့်မှာရှိတဲ့ Antivirus ကို စစ်ဆေးတဲ့နည်းလေးတစ်ခုရှိပါတယ် ၊ စစ်ဆေးပြီးတော့လည်း ကြည့်သင့်ပါတယ် ၊ အဲဒါကတော့ အမှန်တကယ် virus မဟုတ်တဲ့ virus အတုလေးတစ်ခုနဲ့ စမ်းကြည့်ဖို့ပါပဲ ၊ အဲဒီ fake virus လေးကို ကျနော်တို့ကိုယ်တိုင် အခက်အခဲမရှိပဲ ဖန်တီးနိုင်တယ်ဆိုရင် ယုံပါ့မလား ၊ ကျနော်ကတော့ ယုံအောင်လည်းပြောတတ်တယ် လွမ်းအောင်လဲချွဲတတ်တယ် ဆိုတဲ့လူစားမျိုး မဟုတ်ပါဘူး ၊ ဒါပေမယ့် လွယ်အောင်ရေးပြီး ယုံအောင်ကိုယ်တိုင်လုပ်ခိုင်းတတ်တဲ့သူပါ ။
ကဲ..ယုံချင်တယ်ဆိုရင်တော့

(၁) ပထမဆုံး notepad လေးကို အရင်ဖွင့်လိုက်ပါ ၊ ဖွင့်ဖို့က
XP မှာဆိုရင် Start > All programs > Accessories > Notepad ကို click လုပ်ပါ ၊
Vista နဲ့ Seven မှာတော့ အောက်က search bar မှာ notepad လို့ရိုက်လိုက်တာနဲ့ အပေါ်မှာ Notepad ဆိုတဲ့ menu လေးပေါ်လာတဲ့အခါ click လုပ်လိုက်ပါ ။

(၂) ပြီးရင် ဒီအောက်မှာရှိတဲ့ programming code စာကြောင်းလေးကို copy လုပ်ယူပြီး Notepad ပေါ်ကူးတင်လိုက်ပါ ။

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
(၃) ပြီးရင် သူ့ကို နာမည်တစ်ခုပေးပြီး Save လုပ်လိုက်ပါ ( File > Sav as > နာမည်ပေး> Save)
Save လုပ်တဲ့အခါ .txt ရဲ့ရှေ့မှာ star sign လေးပါနေရင် save လုပ်လို့မရတဲ့အတွက်ကြောင့် အဲဒီ ခရေပွင့်လေးလိုမျိုး သင်္ကေတလေးကို ဖျက်လိုက်မှ Save လို့ရပါလိမ့်မယ် ၊ ဘယ်ထဲမှာ save လုပ်လိုက်တာလဲ မှတ်ထားလိုက်ပါ ၊ အများအားဖြင့် document folder ထဲကိုရောက်သွားပါတယ် ။

(၄) ကိုယ်သိမ်းလိုက်တဲ့ နေရာလေးကို ပြန်သွားပြီး အဲဒီ file တစ်ခုထဲကို virus scan လုပ်ကြည့်လိုက်ပါ ၊ antivirus program အများစုဟာ run ပြီးတာနဲ့ right click menu ထဲ ၀င်ပြီးသားဖြစ်နေတတ်ပါတယ် ၊ ဒါကြောင့်မို့ file ပေါ်ကို right click ထောက်ပြီး Scan with …. antivirus လုပ်လိုက်ယုံပါပဲ ၊ စက်တစ်ခုလုံးလုပ်နေရင် အချိန်တွေကြာမှာပေါ့ ၊ ဒါကြောင့်ပါ ။

သိပ်ကို တက်ကြွတဲ့ antivirus တွေက Save လုပ်တာနဲ့တင်ပဲ Virus ဆိုပြီး သတိပေးချက်ပေါ်ပါတယ် ၊ ကောင်းတာပေါ့ ၊ ယုံကြည်စိတ်ချရပြီပေါ့။
အတော်အတန်ကောင်းတဲ့ antivirus တွေကတော့ Scan လုပ်တဲ့အခါ Virus အဖြစ်ဖေါ်ပြပါတယ် ၊ မဆိုးပါဘူး ၊ ဒါပေမယ့် မကြာမကြာ Virus scan လုပ်ဖို့လိုတယ်ဆိုတာ သိထားရပါလိမ့်မယ် ။
ကတယ်လို့များ Scan လုပ်ပြီးသည်ထိ အေးဆေးပဲ ဘာမှမတွေ့ဘူးဆိုရင်တော့ နောက်ထပ် Antivirus တစ်ခုထပ်ထည့်လို့ဖြစ်စေ ၊ ပြောင်းသုံးလို့ဖြစ်စေ လုပ်သင့်ပါတယ် ၊ စိတ်မချရဘူးဆိုတဲ့ လက္ခဏာပါ ။
Virus သတိပေးချက်ပေါ်လာရင် သူ့ကိုပဲ ( Antivirus နဲ့ပဲ ) remove လုပ်ခိုင်းလိုက်ပါ ၊ တကယ်ဖျက် ပေးသလား စမ်းကြည့်တာပေါ့ ၊ ပြီးရင် သိမ်းထားခဲ့တဲ့နေရာကို သွားကြည့်လိုက်ပြီး File name ပေါ်ကို cursor လေးတင်ကြည့်လိုက်ပါ ၊ data အသားမရှိတော့ပဲနဲ့ file name အခွံချည်းပဲ ရှိတော့တယ်ဆိုရင် ၊ သူက တကယ်ဖယ်ထုတ်လိုက်လို့ဖြစ်ပါတယ် ၊ Antivirus က remove မလုပ်ခဲ့လို့ ကိုယ်တိုင်ပဲ လက်နဲ့လုပ်ချင်တယ် ဆိုရင်တော့ အဲဒီအပေါ်ကို right click ထောက်ပြီး delete လုပ်လိုက်ယုံပါပဲ ။
ကဲဒါလောက်ဆိုလုံလောက်ပြီထင်ပါရဲ့ ၊ အဲဒီ FILE လေးကို ဘာမှမပြောပဲ သူငယ်ချင်း တစ်ယောက်ယောက် ဆီကို မပို့လိုက်ပါနဲ့ ၊ VIRUS ထင်ပြီး လန့်နေပါဦးမယ် ၊ အမှန်ကတော့ Antivirus တွေကို စစ်ဆေးဖို့ ဖန်တီးထားတဲ့ Eicar ဆိုတဲ့ fake virus လေးတစ်ခုပါ ။


ဒီမှာသွားကြည့်လို့ရပါတယ်

http://www.eicar.org/anti_virus_test_file.htm

ဗိုင်းရပ်(စ်)ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေဗျာ..